What is Programming ?

Programming ဆိုတဲ့ အခေါ်အဝေါ်ကို တစ်ခြား နေရာတွေမှာလည်း သုံးပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ကွန်ပျူတာ နဲ့ လူ နဲ့ ကြား ဆက်သွယ်ရေးမှာ သုံးတဲ့ အရာကိုပဲ ပြောမှာဖြစ်ပါတယ်။ အိုကေ ဒါဖြင့် programming ဆိုတာ ဘာလဲ ? အင်း ဒါကို မပြောခင် Program ဆိုတာဘာလဲ သိဖို့ အရင် လိုအပ်တယ်။ ခင်ဗျား လည်းကြားဖူး မှာပေါ့ Programming ဆိုတာ Software တွေရေးတဲ့ဟာ ဆိုတာ။ ကဲ လုပ်ပါဦး Software ဆိုတာကရော ဘာလဲ ? အင်း ... ဟိုဟာလေ ကွန်ပျူတာထဲကို ဒါမှမဟုတ် ဖုန်းထဲကို သွင်းရတဲ့ဟာ ဘာညာဘာညာပေါ့။ ဟုတ်ဘူးလား ? အင်းဟုတ်ပါတယ်ဗျာ။ တတ်နိုင်ဘူး ကိုယ့်ဘာသာကိုယ်မေး ကိုယ့်ဘာသာကိုယ်ဖြေရတာပ။

ကျွန်တော်တို့ ဘာကြောင့် Software တွေသုံးရလဲ ? တစ်နည်းအားဖြင့် ကွန်ပျူတာတွေ ဖုန်းတွေထဲ အဲ့ဒီ့ Software ဆိုတဲ့ဟာတွေကိုသွင်းပြီးသုံးရသလဲ ? (အမလေး မေးခွန်းတွေများလိုက်တာ) ဒီလိုဗျ! ကျွန်တော်တို့ လူ ဆိုတဲ့ သတ္တဝါက ခက်သား မှားတတ်တဲ့ အမျိုးကိုး။ ဘယ်လောက်ပဲ သတိထားထား တစ်ခါတစ်လေတော့ သတိထားနေတဲ့ ကြားက မှားတတ်သေးတာပဲ ။ မှားတတ်ကြတယ် လျှမ်းတတ်ကြတယ် မေ့တတ်ကြတယ် ... ဒါပေမယ့် ကျွန်တော်တို့ လူ့ဘောင်ဝန်းကျင်မှာ အမှားမခံတဲ့ ကိစ္စမျိုးတွေ အတိမ်းအစောင်းမခံတဲ့ လုပ်ငန်းမျိုးတွေက အများကြီး ဒုနဲ့ဒေး။ ဆိုတော့ အဲ့တာမျိုး အလုပ်တွေ ၊ နောက်ပြီး ထပ်ခါထပ်ခါ အကြိမ်ကြိမ် တစ်နေ့လည်း မဟုတ် တစ်လလည်းမဟုတ် ဒါမျိုး ကိစ္စတွေကို လုပ်တဲ့ အခါမှာ ပထမတစ်ချက် မမှားချင်ဘူးဗျာ နောက်ပြီး အချိန်ကုန်သက်သာချင်တယ်ဗျာ။ အဲ့တော့ ဘယ်လိုလုပ်မလဲ ? မမှားအောင် တိကျအောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ? အဖြေက ရှင်းပါတယ် မေ့သွားတာတို့ ၊ မျက်စိလျှမ်းသွားတာတို့ ၊ နားလည်မှု လွဲသွားတာ ဆိုတာမျိုးတွေ မရှိတဲ့ကောင်ကို ခိုင်းရမှာပေါ့ ။ ဟုတ်တယ် ကျွန်တော်ပြောနေတာ ကွန်ပျူတာကို ပြောနေတာ။ ကွန်ပျူတာက ခင်ဗျား ခိုင်းရင် ခိုင်းတဲ့ အတိုင်း တသွေမတိမ်း ၊ မမေ့မလျော့ အမှားအယွင်းမရှိ လုပ်မဲ့ကောင်။ တစ်ခုတော့ရှိတယ် ခင်ဗျားက မှန်မှန်ကန်ကန် ခိုင်းဖို့တော့ လိုတာပေါ့။ (ကွန်ပျူတာက အမြဲတမ်းမှန်တယ် တိကျတယ် လို့ ခင်ဗျားအာမခံသလားလို့တော့ မမေးနဲ့ဗျ။ လူက ဖန်တီးထားတဲ့ အရာပဲဗျာ။ အရမ်းနည်းတဲ့ ရာခိုင်းနှုန်းအနေနဲ့တော့ သူလည်း မှားကောင်းမှားမှာပေါ့။ ဒါပေမယ့် ကျွန်တော်လောင်းရဲတယ် လူထက်တော့ တိကျလိမ့်မယ်။ အဲ့တာကို ခင်ဗျားလက်မခံဘူးဆိုရင်တော့ သွားသွား လက်ဖက်ရည်သွားသောက် ၊ ရှော့ပင်းထွက် ၊ ရုပ်ရှင်သွားကြည့် ၊ COC ဆော့)

ဒါဖြင့် ဘယ်လိုခိုင်းမတုန်း ? ခင်ဗျား လုပ်စေချင်တဲ့အရာတစ်ခုကို ကွန်ပျူတာကို လုပ်ပေးနိုင်အောင် ဘယ်လိုခိုင်းမလဲ ? ဆိုတော့ ကွန်ပျုတာကိုလူကနေ ဆက်သွယ်မှု ပြုလုပ်တဲ့ အကြောင်း မပြောခင် ကျွန်တော်က လူလူချင်းဆက်သွယ်တဲ့ အကြောင်းအရင်ပြောချင်တယ်ဗျာ။ လူလူချင်း ဘယ်လိုဆက်သွယ်ကြသလဲဗျ ? ခင်ဗျားကပြောမယ် "စကားပြောပြီး ဆက်သွယ်မှာပေါ့ " လို့ (ကြားဖြတ် ။ ဒီလိုပဲပြောတယ်လို့လုပ်ဗျာ ခင်ဗျားမပြောချင်လို့မရဘူး ကျွန်တော့ဇာတ်လမ်းဆိုတော့ကာ ကျွန်တော်က ဒါရိုက်တာကိုးဗျ)။ ဥပမာ - အင်္ဂလိပ် ၊ မြန်မာ ၊ ဂျပန် ၊ တရုတ် စတဲ့ ဘာသာစကားတွေကိုသုံးပြီးပြောမယ်ပေါ့ဗျာ။ ဒါပေမယ့် လူလူချင်းကြားမှာ ဘာသာစကားတွေကိုသုံးပြီး ဆက်သွယ်တာကာ တစ်ခုတည်းသောနည်းလမ်းတော့ မဟုတ်ဘူးဗျ။ စာရေးပြီးလည်း ပြောလို့ရတယ် ပုံဆွဲပြီးလဲ ပြောလို့ရတယ် လက်ဟန်ခြေဟန်နဲ့လည်းပြောလို့ရတယ် ။ တစ်ချို့ဆို မိုင်ပေါင်း အဝေးကြီးကလူကို စိတ်ထဲကနေ လှမ်းဆက်သွယ်လို့ရတယ်။ (ဆောရီးဗျာ X-Men ကားတွေကြည့်တာများသွားလို့)။ ပြီးပြည့်စုံတဲ့ ဆက်သွယ်ရေး (successful communication) တစ်ခုမှာ ကြားခံ ဘာသာစကား သို့မဟုတ် ရေးသားထားတဲ့ စာ အဲ့တာတွေရှိယုံနဲ့ မလုံလောက်ဘူး။ အဓိက က ဆက်သွယ်ချင်တဲ့ အရာနှစ်ခုမှာ တစ်ခုက ဘာပြောတာလဲ ၊ ဘာလုပ်စေချင်တာလဲ ဆိုတာကို တစ်ခုက နားလည်နိုင်မယ့် စွမ်းရည် ရှိဖို့ လိုအပ်တာ။

ဆိုကြပါဆို့ ။ လူနှစ်ယောက်ရှိတယ် ။ တစ်ယောက်က English စကားတစ်မျိုးတည်းပဲ တတ်တယ်။ နောက်တစ်ယောက်က မြန်မာ စကား တစ်မျိုးပဲ တတ်တယ်။ ကိုင်း သူတို့ နှစ်ဦး စကားပြောလို့ ဖြစ်ပါ့မလားဗျာ ? ဘယ်ဖြစ်မတုန်း စကားပြောလို့။ တစ်ယောက်ပြောတာကို နောက်တစ်ယောက်ကမှ နားမလည်တာ။ ကိုင်း ဒိတော့ သူတို့ နှစ်ယောက်ကြား English-Myanmar စကားပြန် တစ်ယောက်ထည့်ပေးလိုက်မယ်ဗျာ ။ ဒါဆိုရင်တော့ သူတို့ နှစ်ယောက် ကောင်းကောင်း ဆက်သွယ်လို့ရသွားလိမ့်မယ် ။ တစ်ယောက်ပြောတာကို တစ်ယောက်က တိုက်ရိုက်နားမလည်ပေမယ့် ကြားထဲက စကားပြန်ရဲ့ အကူအညီနဲ့ နားလည် နိုင်သွားမယ်။ ကျွန်တော်ပြောချင်တာက အဲ့တာပါ ကျွန်တော်တို့ ကွန်ပျူတာကို ခိုင်းချင်တဲ့ အခါမှာ ကျွန်တော်တို့ ဘာခိုင်းလိုက်တာလဲ ဆိုတာကို ကွန်ပျူတာက တိုက်ရိုက်နားမလည်နိုင်ဘူးဆိုတာကို ခင်ဗျားလည်း တွေးမိမှာပါ။ ခင်ဗျားနားလည်နေတဲ့ ဘာသာစကား နဲ့ သူနားလည်နေတဲ့ ဘာသာစကား ကြားမှာ ကျွန်တော်တို့ စကားပြန် ထည့်ဖို့လိုနေပြီဆိုတာလေးပါ။

နောက် အခန်းတွေမှာ ကြားထဲက စကားပြန်အကြောင်း ဆက်လက်ဖော်ပြပေးသွားပါမယ်။ အခု လက်ရှိမှာတော့ မေးခွန်းလေးတွေကို ကျွန်တော်ပြန်ဖြေပါမယ်။ ကျွန်တော်တို့ ကွန်ပျူတာကို ခိုင်းစေတဲ့ ညွှန်ကြားချက်တွေကို instructions တွေလို့ခေါ်ပါတယ်(English လိုပဲ ဆိုဆို Programming ရဲ့ အခေါ်အဝေါ်လို့ပဲပြောပြော)။ အဲ့ဒီ့ ညွှန်ကြားချက်တွေစုစည်းထားတာ (set of instructions)ကို Program လို့ခေါ်ပါတယ်။Programတွေ စုစည်းပြီးတည်ဆောက်ထားတာကို Software လို့ခေါ်ပါတယ်။ Program တွေဖြစ်အောင် ရေးသားရတဲ့ ဘာသာစကားကို (Programming Language) တစ်နည်း ကျွန်တော်ပြောချင်တဲ့ Programming လို့ခေါ်ပါတယ်။ အဲ့ဒီ့ Programming Language တွေကို အသုံးပြုပြီး Program တွေကို ရေးသားတဲ့ သူတွေကိုတော့ Programmer လို့ ခေါ်ပါတယ်။

No comments:

Post a Comment

JDK နဲ့ JRE ဘာကွာသလဲ ?

JDK နဲ့ JRE ဘာကွာခြားသလဲ ဆိုရင် JDK က JAVA Programming Language ကို အသုံးပြုပြီး ပရိုဂရမ်တွေရေးသားနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး...